လူဟာ မီးကို စတင်တွေ့ရှိတာ ကံကောင်းတယ်
ဒီထက်ပိုလို့ အချစ်ကို စတင်တွေ့ရှိခဲ့တာလည်း ပိုကံကောင်းတယ်
ဒါပေမဲ့ စစ်ကို စတင်တွေ့ရှိလိုက်တော့ အားလုံး ကံဆိုးတော့တာပဲ
(၂)
တွေ့ရှိခဲ့တဲ့ မီးအတွက်စစ်
ခံစားခဲ့ရတဲ့ အချစ်အတွက်စစ်
နယ်မြေအတွက်စစ် သယံဇာတအတွက် စစ်
အမျိုးအတွက် စစ် ဘာသာအတွက် စစ်
ကိုယ်ကျိုးအတွက် စစ် အတ္တအတွက် စစ်
အမုန်းတရားအတွက် စစ်
အဲဒီစစ်က တဆစ်ဆစ်နဲ့ တဖျစ်ဖျစ်လှိုက်စား
အသက်ကို ဖက်နဲ့ပဲ ထုပ်ထားရမလား
ကျွတ်ကျွတ်အိတ်နဲ့ပဲ စွပ်ထားရမလား
ဓါး ဓါးချင်း လှံ လှံချင်းကနေ ဒုံး ဒုံးချင်း နျူ နျူချင်းဖြစ်
လူတစ်ယောက် တစ်ယောက်ချင်းကနေ
မြို့ မြို့ချင်း နိုင်ငံ နိုင်ငံချင်းဖြစ်
ပထမ ဒုတိယ နဲ့ အခုလာမယ်တတိယကမ္ဘာစစ်
ဘယ်သူတွေ မြေဇာပင်ဖြစ်ခဲ့သလဲ
No comments:
Post a Comment